သောက်တော်ရေခွက်ကလေးအကြောင်း

မြတ်စွာဘုရားကို သောက်တော်ရေချမ်း ကပ်လှူပူဇော်တဲ့ခွက်ကလေးအကြောင်း

ပရိသတ်ကြီးရေ ဘဝမှာ သူများတွေ လှူဒါန်းနေသလို မလှူနိုင်လို့ဆိုပြီး ဝမ်းနည်းမနေကြပါနဲ့နော်။ရတနာသုံးပါးနဲ့ သက်ဆိုင်တဲ့ ကောင်းမှု၊ကုသိုလ်တွေကိုသာ လုပ်နိုင်သလောက် လုပ်သွားကြပါ။မိမိတို့အိမ်မှာ ကိုးကွယ်ထားကြတဲ့ ဘုရားဆင်းတုတော်ကို သက်တော်ထင်ရှား

ဘုရားအဖြစ် စိတ်နှလုံးသွင်း သတ်မှတ်ပြီး သဒ္ဒါ၊ကြည်ညိုစိတ်ဖြင့် သောက်တော်ရေ တစ်ခွက်ပဲ လှူလှူ၊သရဏဂုံ သုံးပါးပဲ တည်တည် ရတနာသုံးပါးနဲ့ သက်ဆိုင်တဲ့ ကုသိုလ်လေးကိုပဲ အာရုံယူလိုက်ပါ။ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့ရဲ့ အိမ်တွေမှာ မြတ်စွာဘုရားကို

သောက်တော်ရေချမ်းကပ်လှူကြပါတယ် ရေကပ်လှူရာမှာ မိမိတို့ကြည်ညိုသလို သဒ္ဓါတရားအလိုက် ခံယူချက်အတိုင်း(၁၊၃၊၅၊၇၊၉၊၁၀၊၁၁ခွက်)စသည်ဖြင့် ရေခွက်အရေအတွက် ကွဲပြားပါတယ်။နည်းနည်းကပ်လို့ အပြစ်မရှိသလို၊များများကပ်လို့လည်း ရပါတယ်။

မိမိကိုယ်ပိုင် စဉ်းစားမိတာတစ်ခုအနေနဲ့ကတော့ မိမိအိမ်ကိုဖြစ်စေ အပြင်၌ဖြစ်စေ ရဟန်းသံဃာတော်တစ်ပါး(သို့) ဧည့်သည်မိတ်ဆွေ တစ်ယောက်အနေဖြင့် လာရောက်ရင် ဦးစွာပထမ သောက်ရေဖြစ်စေ၊လက်ဖက်ရည်၊ကော်ဖီ၊အအေးဖြစ်စေ ကပ်ရာ၊တိုက်ရာ၌

ခွက်အရေအတွက်အားဖြင့် တစ်ခွက်သာ တိုက်တာကို တွေ့ရမှာပါ။ဒါကလည်း သဘာဝကျပါတယ်။လူတစ်ယောက်လာလို့ ရေခွက်ကို သုံး၊လေးခွက် တိုက်တာဆိုတာ အလွန်မရှိသလောက် ရှားပါးပါလိမ့်မယ်။သောက်သုံးသူကလည်း တစ်ခွက်သာ သောက်သုံးပါမည်။

ထို့အတူပဲ မိမိတို့က မြတ်စွာဘုရားကို သက်တော်ထင်ရှားအလား ထင်မှတ်ပူဇော်ကြသည့် နေရာမှာလည်း သက်တော်ရေကို ကောင်းကောင်းမွန်မွန် သန့်သန့်ပြန့်ပြန့် တစ်ဦးစာ ဘုဉ်းပေးနိုင်လောက်သည်အထိ သက်တော်ရေခွက်မျိုးနှင့်သာ ရိုသေစွာ ကပ်လှူမည်ဆိုပါက

အလွန်ကောင်းမွန် သင့်မြတ်လှမည်ဟု ထင်မြင်မိပါသည်။တချို့ကျတော့ သောက်တော်ရေ ခွက်ကလေးက တစ်ပါးစာမဝရုံ ခွက်ရေများရင်ပြီးရော တစ်လက်မလောက်အရွယ် ခွက်အမျိုးအစားနဲ့ကပ်ခြင်း၊ကော်ခွက်တွေဖြင့်ကပ်ခြင်းဟာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကြီးနှင့်ဆိုရင် အလွန်မှမတင့်တယ်လှပါဘူး။

မိမိတို့တန်ဖိုးထား လေးစားကြည်ညိုသည့် အတုမရှိ မြတ်စွာဘုရားကို သောက်တော်ရေချမ်း ကပ်လှူကြမယ်ဆိုရင်ဖြင့် တစ်ပါးစာဝမည့် ရေတော်ခွက်အရွယ်ဖြင့်လည်းကောင်း၊သန်ပြန့်စင်ကြယ်သော ဖန်ရေတော်ခွက်ဖြင့်လည်းကောင်း၊သက်တော်ထင်ရှား မြတ်စွာဘုရား

ကိုယ်တော်တစ်ပါးစာအတိုင်း တစ်ခွက်ကြီးကြီးဖြင့်လည်းကောင်း ကပ်လှူပူဇော်ကြမည်ဆိုရင် မိမိတို့စိတ်၌ သမာဓိတည်ကြည်ပြီး ပို၍တိုး၍ မြတ်စွာဘုရားကို ကြည်ညိုပူဇော်ကြရမည် ဖြစ်ပါတယ်။နောက်တစ်မျိုးက

သောက်တော်ရေကပ်လှူရာမှာ ခွက်များကို အဖုံးမပါပဲ ကပ်လှူကြပါတယ်။အဖုံးမပါပဲ ကပ်လို့မရဘူးလား မေးစရာရှိပါသည်။ကပ်လို့ရပါတယ်။သို့သော် မိမိတို့ကပ်လှူထားသော ရေတော်ခွက်များသည့် တစ်နေလုံး ဒီအတိုင်း ဟာလာဟင်းလင်း ဘုရားကျောင်းဆောင်၌

တင်ထားသည့်အတွက်ကြောင့် အချိန်ကြာလာသည့်နှင့်အမျှ ရေ၏မျက်နှာပြင်မှာ ဖုန်များပြင်လိုက် အပြည့်ရှိနေပါပြီ။ထိုရေကို မြတ်စွာဘုရား ဘုဉ်းဖို့ရန်လည်း မသင့်မြတ်သလို၊မိမိတို့ ဆေးအဖြစ်အန္တရာယ်ကင်းရေအဖြစ် ပြန်လည်စွန့်ပြီး သောက်ရန်လည်း မကောင်းတော့ပါ။

ထိုကြောင့် ဘုရားသောက်တော်ရေခွက်ကို ကပ်လှူရာမှာ အဖုံးပါသော ရေတော်ခွက်မျာဖြင့် ကပ်လှူထားမည်ဆိုလျှင် မြတ်စွာဘုရားကို တစ်နေကုန် ကပ်လှူထားရာ၌ အဆင်ပြေသလို မိမိတို့ ပြန်လည်စွန့်ပြီး အန္တရာယ်ကင်းရေအဖြစ်၊ဆေးအဖြစ် ပြန်လည် သောက်သုံးလို့ ရသွားပါတယ်။

အဖုံးနဲ့ကပ်တော့ မြတ်စွာဘုရား ဘယ်လိုဘုဉ်းမလဲလို့တော့ ဇောတက မတက်စေလို့ပါဘူး။တကယ်တမ်းလည်း မြတ်စွာဘုရား မဘုဉ်းနိုင်ပါဘူး။ပရိနိဗ္ဗာန်စံဝင်သွားပြီးဖြစ်သော်လည်း မိမိတို့က ကြည်ညိုသဒ္ဓါတရားနဲ့ ပူဇော်နေကြတာဖြစ်ပါသည်။မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဆိုရင် ဆရာတော်ဘုရားကြီး ကျောင်းဆောင်၌

ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်ရှေ့၌ အဖုံးပါသော ဖန်သောက်တော်ရေခွက် တစ်ခွက်သာ ကပ်လှူထားသည်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။သီလဂုဏ် သမာဓိဂုဏ်တွေနဲ့ ပြည့်စုံပြီး ဗုဒ္ဓသာသနာ တော်ကြီးကို နေလိုလလို ထွန်းလင်း တောက်ပအောင် လုပ်ဆောင်ပေးနေတဲ့

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကို ပရိသတ်တွေအားလုံး သိမြင်ဖူးမျှော်ဘူးကြမယ်လို့ ထင်ပါတယ်နော်။ဆရာတော်ဘုရားကြီးရဲ့ သက်တော်မှာ (၈၀)ကျော်သွားခဲ့ပြီ ဖြစ်သလို သီလ သမာဓိတို့နဲ့ ပြည့်စုံနေတာကြောင့် အသွား၊အပြန် ခြေရာတောင်မှ ထူးထူးခြားခြား

တစ်ထပ်တည်းသာကျတဲ့ ကြည်ညိုဖွယ်ရာ ဆရာတော်ကြီးတစ်ပါးပဲ ဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးဟာ ဝိနည်းတော်တွေ နဲ့အညီ သီတင်းသုံးနေထိုင်တော်မူပြီး ပကာသနတွေမပါပဲ ရိုးရှင်းအေးချမ်းစွာ သီတင်းသုံးနေတာပဲ ဖြစ်ပါတယ်နော်။

သောက်တော်ရေခွက်ကလေးအကြောင်း ရေးထားတာတွေ့လို့ ကုသိုလ်စိတ်ကလေး စိုးစဉ်းမျှ ဖြစ်စေရန်အတွက် ပြန်လည်ကူးပြီး ဝေမျှတင်ဆက်ပေးလိုက်ရပါတယ် C r d

Add a Comment

Your email address will not be published. Required fields are marked *