ကလေးအသက် တစ်နှစ်ခွဲလောက်ကစပြီး ဂျီကြခြင်း၊ပြောစကားနားမထောင်ရခြင်းရဲ့အကြောင်း

ရင်သွေးရတနာလေးတွေ အသက်တစ်နှစ်ခွဲလောက်က စပြီးကျီကြခြင်း၊ပြောစကား နားမထောင်တာတွေဟာ

ကျွန်မတို့ ကလေးတွေ လိမ်မာ၊ထူးချွန်ဖို့ဆိုတာဟာ ဘဝတစ်သက်တာ လုံးအတွက် ကျွန်မတို့က မျိုးစေ့ချပေး ရမှာပါ။မေမေတို့ရေ..ကလေးရှိတဲ့ အိမ်တိုင်းလိုလိုမှာ တစ်နှစ်ခွဲ နှစ်နှစ်လောက်ကစပြီးတော့ ကလေးတွေ ဂျစ်တိုက်တာ၊ ဂျီကျတာ၊ ပြောစကား နားမထောင်တာတွေကို ကြံရစမြဲပါ။

ပြောလို့ဆိုလို့ မကောင်းဘူးဆိုတာဟာ တကယ်တော့ မိဘ(လူကြီး)ဘက်က မြင်တဲ့အမြင်ပါပဲ။ဒီအရွယ် တစ်နှစ်ကနေ သုံးနှစ်အရွယ်ဟာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် ဖွံ့ဖြိုးတဲ့အချိန်မို့လို့ ကလေးတိုင်းလိုလို ပြောရခက်၊ ဂျီကျတတ်ကြပါတယ်။ကျွန်မတို့ လူတွေရဲ့ဦးနှောက်ဟာ ဘယ်ဘက်နဲ့ ညာဘက်ခြမ်းဆိုပြီးတော့ နှစ်ခြမ်းရှိပါတယ်။

ညာဘက်ခြမ်းက ဒေါသထွက်တာ၊ ပျော်တာ၊ ဝမ်းနည်းတာစတာတွေကို ခံစားတတ်တာတွေကိုလုပ်တယ်။ဒေါသထွက်ရင် မျက်နှာကွက်ကနဲ ပျက်တာ၊ ဝမ်းသာရင် မျက်နှာလေးက လင်းကနဲဖြစ်သွားတာစတဲ့ ( Facial Expression) တွေကိုလည်း ဦးနှောက် ညာဘက်ခြမ်းပိုင်းက လုပ်ပါတယ်။ကျွန်မတို့ ရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းကတော့ အကျိုးနဲ့ အကြောင်း ( Logical thinking) တွေးခေါ် စဉ်းစားတဲ့အလုပ်၊ နာမည် တပ်တဲ့ အလုပ်တွေကို လုပ်ပါတယ်။

ဒီလောက်ဆိုရင် ခံစားမှုနဲ ပါတ်သတ်ပြီးတော့ ဦးနှောက်နှစ်ခြမ်းမှာ ဘယ်အပိုင်းကို ဘာတွေကို လုပ်တယ်ဆိုတာကို မေမေတို့အကြမ်းအားဖြင့် သဘောပေါက်လောက်ပါပြီ။ကလေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအရ အထူးသဖြင့် မွေးစကနေ သုံးနှစ်လောက်အတွင်းမှာ ကလေးတို့ဟာ ညာဘက် ဦးနှောက်အခြမ်းက၊ ဘက်ဘက် ဦးနှောက်အခြမ်းထက် အရင် စတင်ဖွံ့ဖြိုးပါတယ်။

ဘယ်ဘက်အခြမ်းက ကောင်းကောင်း မဖွံဖြိုးသေးပါဘူး။ ဒါကြောင့် သူတို့ဟာ ဒေါသထွက်ရင် ဒေါသထွက်တာကို စကားလုံးနဲ့ မဖော်ပြတတ်သေးဘူး။ မထိန်းသိမ်းတတ်သေးဘူး။စိတ်တိုလာ ရင် ကန်ကြောက်မယ်၊ အော်ဟစ်မယ်၊ ကိုယ်ကို ကြမ်းပြင်ပေါ်လှိမ့်ချမယ်။

ပျော်ရင် ထခုန်မယ်။ ဒါတွေကို အကန့်သတ် အဆီးတားမရှိ သူတို့လုပ်တတ်ကြပါတယ်။ပြောဆိုရင် မပြောဘူး။ လူစိမ်းနဲ့တွေ့ရင်လည်း နှုတ်ဆက်ချင်မှ နှုတ်ဆက်မယ်။ နှုတ်မဆက်လို့ ရိုင်းပါလားဆိုတာကို သူတို့ ဘယ်လိုမှ နားကိုမလည်နိုင်သေးပါဘူး။သူတို့ပြောချင်ရင်ပြောမယ်။ မပြောချင်ရင် မပြောဘူး။

စိတ်ခံစားချက်အတိုင်း လိုက်တတ်ကြပါတယ်။အဲလိုပဲ တစ်နေရာ ကို ကလေးနဲ့အတူတူ လမ်းလျှောက်သွားချိန်မျိုးမှာ သူတို့ စိတ်ဝင်စားတာကိုတွေ့ရင် အကြာကြီး ရပ်ကြည့်ချင် ကြည့်နေမှာပဲ။အဲလို ရပ်ကြည့်နေလို့ သွားစရာရှိတာတွေ နောက်ကျကုန်မယ်လို့ လူကြီးက ဘယ်လောက်ပြောပြော သူတို့ နားမလည်နိုင်သေးပါဘူး။

အကျိုးအကြောင်းကို နာလည်နိုင်တဲ့ ဦးနှောက်ဘယ်ဘက်အခြမ်း မဖွံ့ဖြိုးသေးလို့ပါပဲ။ဒီအရွယ်မှာ အကောင်းဆုံး ကလေးပြုစုစောင့်ရှောက်နည်းကတော့ ကလေးနဲ့ တိုက်ရိုက်ပြသနာ ဖြစ်နိုင်တဲ့ အပြုမူမျိုးကို လူကြီးက ရှောင်ရပါမယ်။

ဥပမာ- ကားနဲ့ ခရီးကြာကြာသွားတဲ့ အခါမျိုးမှာ ကလေး ပျင်းရင် ဂျီမကျနိုင်အောင်လို့ ကလေးမပျင်းအောင် ( ကစားစရာ၊ ပုံဆွဲစာအုပ်စတာတွေကို ယူသွားတာမျိုး) ကိုယ့်ကားနဲ့ ကိုယ်ဆိုရင် လမ်းမှာ ခဏရပ်တာမျိုးပါ။အဲလိုပဲ ကလေးကို အိပ်ချိန်၊ စားချိန် မှန်အောင်လေ့ကျင့် ပေးတာ၊ သူမနှုတ်ဆက်ချင်တဲ့ တစိမ်းကို အတင်းမနှုတ်ဆက်ခိုင်းတာ၊ အယဉ်အကျေး စကားတွေကို ကလေး မပြောချင်တိုင်း အတင်း မပြောခိုင်းရပါဘူး။

အရေးကြီးဆုံးအရာက ကလေးဘာလုပ်လုပ် ပျော်ဖို့ပါ။ ကလေးပျော်ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ ဖြစ်ချင်တဲ့အရာကို ကစားရင်းနဲ့ ကလေးတို့ကို မသိမသာ သင်ပေးရပါမယ်။(ဒီအရွယ်ကလေးတွေကို စည်းကမ်းဘယ်လိုပေးရမယ် ဆိုတာကို ပျော်စရာကောင်းတဲ့ စည်းကမ်းဆိုတဲ့ နာမည်နဲ့ ကျွန်မ ရေးထားဖူးပါတယ်)။

ကလေးတို့ဟာ ဂျီကျလာပြီ၊ အော်ဟစ်လာပြီ၊ သောင်းကျန်းလာပြီ ဆိုရင်တော့ လူကြီးတို့ဟာ ကလေးနဲ့ အပြိုင်လိုက်ပြီးတော့ စိတ်ဆိုး၊ စိတ်တို၊ အော်ဟစ်၊ ဆူပူ၊ ရိုက်နှက်တာမျိုး မလုပ်ရပါဘူး။ သူတို့ အကြီးအကျယ် သောင်းကျန်းခြင်းဟာ သူတို့ ဦးနှောက် ညာဘက်ခြမ်း အလွန်တရာ အလုပ်လုပ်နေခြင်းပါ။

ဒေါသထွက်၊ စိတ်တိုနေတဲ့ စိတ်ကလေး ပြေပျောက်သွားအောင်လို့ သူတို့ကို ပွေ့ဖက်ရပါမယ်။ သူတို့ခံစားနေတာကို နားလည်တဲ့ အကြောင်းကို အထိအတွေ့(ပွေ့ဖက်ခြင်း၊ ကျောလေးသပ်ပေးခြင်း)နဲ့ စိတ်ပြေတဲ့အထိ လုပ်ပေးရပါမယ် ။ စိတ်လေး အေးချမ်းသွားတဲ့အထိ ချော့မြူပွတ်သပ်ပေးပါ။ပြီးပြီဆိုတော့မှ အေးအေးဆေးဆေး ကလေးကို ပြောပြရပါမယ်။

ဒါမှမဟုတ် အာရုံလွှဲပေးရပါမယ်။ကလေးတို့ဟာ မေမေ ဒါဘာကြောင့် ဒီလိုဖြစ်တာလဲ။ ဘာကြောင့် ကားက သွားတာလဲ။ ဘာကြောင့် ထမင်းက မဝါဘဲ ဖြူနေတာလဲဆိုတဲ့ လူကြီးစိတ်ညစ်ဖွယ်ကောင်းအောင် မေးလာပြီဆိုရင်တော့ သူတို့ ဦးနှောက် ဘယ်ဘက်ခြမ်း (အကျိုးအကြောင်းကို နားလည်တဲ့အခြမ်း)ဖွံ့ဖြိုးလာပါပြီ။ ကျွန်မတို့ရဲ့ဦးနှောက်ဟာ မွေးကတည်းက ဖွံ့ဖြိုးပြီး ပါလာတာမဟုတ်ပါဘူး။

ကလေးတို့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် ကျွန်မတို့ဟာ ကလေးတို့ကို လေ့ကျင့်ပေးဖို့ လိုပါတယ်။ ကလေးဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အရေးကြီးဆုံးအရာက ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာပါ။အခု လိမ်မာတယ်၊ အသိရှိတယ်လို့ ပြောကြတဲ့ ကျွန်မရဲ့ ရှစ်နှစ်သား သားကြီး သြရသ ငယ်ငယ်တုံးကဆိုရင် ဘယ်သူ့ကိုမှ လမ်းတွေ့ရင် နှုတ်ဆက်ခိုင်းလို့ မရပါဘူး။

သူ့ကို ချစ်စရာလေးမို့လို့ ချစ်လို့ကြည့်ရင် သူ စိတ်အနှောက်ယှက်ဖြစ်တတ်ပါတယ်။ဒီကာလ (တစ်နှစ်ကနေ သုံးနှစ်အတွင်း) မှာ ကျွန်မဟာ သားတစ်မျက်နှာကိုပဲ ကြည့်ပြီးတော့ထိန်းကျောင်းခဲ့ရတာပါပဲ။ဒီကာလလေး တစ်ခုတည်းမှာ လူကြီးကိုကြောက်လို့ လိမ်မာရတဲ့ လူလိမ်မာလေးတွေ မဖြစ်စေချင်ပါဘူး။

ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေမယ့် အပြုအမူ၊ အပြောအဆိုမျိုးကို အထူးသဖြင့် ရှောင်ရှားကြဖို့ ကျွန်မ တိုက်တွန်းချင်ပါတယ်ရှင်။ကျွန်မအနေနဲ့ကတော့ ဆိုးတဲ့ကလေးဆိုတာကို ဘယ်တုံးကမှ မတွေ့ဘူးခဲ့ပါဘူး။ ကလေးများဟာ မဆိုးပါဘူး။

ကလေးရဲ့ကမ္ဘာ၊ ကလေးအတွေး၊ ကလေးရဲ့ အမြင်ကို လူကြီးတွေက ဝင်မကြည့်၊ ဝင်မတွေးပေးနိုင်ခြင်းဟာ ကလေးတွေကို ဆိုးတယ်လို့ထင်ရတဲ့အကြောင်းရင်းပါ။Source:ခေတ်ဘုန်းသစ်

Tags:

Add a Comment

Your email address will not be published. Required fields are marked *